ကုန်စုံဆိုင်
ကုန်စုံဆိုင်ဆိုသည်မှာ လက်လီရောင်းရသော ဆိုင်မျိုးဖြစ်သည်။ လက်လီရောင်းဆိုသည်မှာ ကုန်ပစ္စည်းများကို အနည်းငယ်စီ လီ၍ရောင်းခြင်းဖြစ်သည်။ လက်လီရောင်းသောဆိုင်သည် ကုန်ပစ္စည်း စတင်ထုင်လုပ်သည် ပင်ရင်းဌာနနှင့် အသုံးပြုသည့် ပရိသတ်အား ဆက်သွယ်ပေးရာဌာနဖြစ်သည်။ ကုန်စုံဆိုင်သည် လက်လီရောင်းဝယ်ရေးလုပ်ငန်းတွင် ကျောရိုးသဖွယ် အရေးပါအရာရောက်လေသည်။
ကုန်စုံဆိုင် သုံးမျိုး
[ပြင်ဆင်ရန်]ကုန်စုံ ဆိုင်များကို အကြမ်းအားဖြင့် -
- စားဖွယ်သောက်ဖွယ်ရောင်းသည့်ဆိုင်
- ဝတ်ရုံဆင်ယင်ဖွယ်ရောင်းသည့်ဆိုင်
- အထွေထွေသုံးဆောင်ဖွယ် ရောင်းသည့်ဆိုင် ဟူ၍ သုံးမျိုးခွဲနိုင်သည်။
သို့ရာတွင် ထိုတစ်မျိုးစီမှ အမျိုးပေါင်းမြောက်မြားစွာ ထပ်ခွဲနိုင်သေးသည်။ စားဖွယ်သောက်ဖွယ်ရောင်းသည့်ဆိုင်မျိုးမှ မုန့်ပဲသွားရည်စာဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ သားဆိုင်၊ ငါးဆိုင် စသည်ဖြင့်ခွဲနိုင်သည်။ ဝတ်ရုံဆင်ယင်ဖွယ်ရာင်းသည့်ဆိုင်မျိုးထဲမှ အထည်ဆိုင်၊ ထီးဆိုင်၊ ဖိနပ်ဆိုင်၊ ရွှေထည်ဆိုင်၊ ငွေထည်ဆိုင် စသည့်ဖြင့် ခွဲနိုင်သည်။ အထွေထွေသုံးဆောင်ဖွယ် ရောင်းသည့်ဆိုင်မျိုးမှ ပန်းကန်ဆိုင်၊ မှန်ဆိုင်၊ သံဆိုင်၊ စာအုပ်ဆိုင် စသည်ဖြင့် အမျိုးအစားမြောက်မြားစွာ ခွဲနိုင်သည်။
ကုန်စုံဆိုင်၏ထူးခြားချက်
[ပြင်ဆင်ရန်]ကုန်စုံဆိုင်ဆိုသည်မှာ မည်မျှပင်သေးငယ်စေကာမူ အရင်းအနှီးကြီးနှင့်လုပ်ကိုင်သော ဆိုင်ကြီးများနှင့် ယှဉ်ပြိုင်ရောင်းနိုင်သော သတ္တိထူးရှိသည်။
ကုန်စုံဆိုင်ပိုင်ရှင်သည် မိမိဖောက်သည်များနှင့် ရင်းနှီးစွာ ဆက်ဆံနိုင်သော အခွင့်အလမ်းရှိသည်။ ဖောက်သည်များ၏ သဘောစရိုက်၊ လိုအင်ဆန္ဒများကို သိရှိနားလည်အောင် လေ့လာစုံစမ်းနိုင်သော အခွင့်အရေးကို ရရှိနိုင်သည်။ ထို့ကြောင့် ဖောက်သည်များအလိုရှိ၍ ကြိန်းသေပေါက်ရောင်းရမည့်ကုန်ပစ္စည်းများကိုသာ ဆိုင်တွင် တင်ရောင်းနိုင်သည်။ ဖောက်သည်များ၏ သဘောစရိုက်ကို သိရခြင်း၊ ရောင်းသူဝယ်သူ ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်းသည် ဆိုင်၏ ရေရှည်တည်မြဲရေးအတွက် ထိရောက်သော အချက်ကြီးတစ်ချက်ပင် ဖြစ်သည်။ ခင်မင်ရင်းနှီးစွာ ပြောဆို၍ ရောင်းခြင်းသည် ဝယ်သူ၏စိတ်ကျေနပ်စေနိုင်သည်။ တစ်ခါတရံခရီးကြုံ၍ ဝင်ဝယ်သူကိုပင် အမြဲဝယ်သည့်ဖောက်သည်ဖြစ် ရောက်ရှိသွားစေနိုင်သည်။
အကိုးအကား
[ပြင်ဆင်ရန်]ကုန်စုံဆိုင်လုပ်ငန်း။ ဦးအောင်မင်း(ဘီအေ)။ စာပေဗိမာန်၊ ရန်ကုန်။ ?၁၉၆၃၊ ဒုကြိမ်။