Content-Length: 147684 | pFad | https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA

လင်းပိုင် - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

လင်းပိုင်

ဝီကီပီးဒီးယား မှ
Dolphin
Bottlenose dolphin
Bottlenose dolphin
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
Infraorder: Cetacea
Parvorder: Odontoceti
အုပ်စုများ ပါဝင်သည်
Cladistically included but traditionally excluded taxa

လင်းပိုင် ဆိုသည်မှာ ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပြီး ဝေလငါးနှင့် အမျိုးတော်စပ်သည်။ စုစုပေါင်း မျိုးစိတ် ၄၀ ခန့်နှင့် မျိုးစု ၁၇ ခုခန့် ရှိသည်။ လင်းပိုင်များ၏ အရွယ်အစားမှာ ၁.၂ မီတာ (၄ပေ) ခန့် နှင့် ၄၀ ကီလို (၉၀ပေါင်) မှ စ၍ ၉.၅မီတာ (၃၀ပေ) နှင့် ၁၀ တန် အထိ အမျိုးမျိုး ကွဲပြားခြားနားကြသည်။ သူတို့ကို တကမ္ဘာလုံးတွင် တွေ့ရပြီး အထူးသဖြင့် ပင်လယ်ရေတိမ်ပိုင်းဒေသတွင် တွေ့ရသည်။ သူတို့သည် အသားစား သတ္တဝါများ ဖြစ်ကြပြီး ငါး နှင့် ပြည်ကြီးငါးတို့ကို စားလေ့ ရှိကြသည်။ ဒယ်ဖီနီဒေး (Delphinidae ) မိသားစုသည် Cetacean မျိုးစစ်တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ လင်းပိုင်များသည် ဉာဏ်ရည်ထက်မြက်သော သတ္တဝါများတွင် ပါဝင်ကြပြီး သူတို့သည် လူတို့နှင့် ရောနှော နေထိုင်တတ်ခြင်းနှင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် လူတို့၏ ပတ်ဝန်းကျင်တွင် ထင်ရှားသည်။

လင်းပိုင်

[ပြင်ဆင်ရန်]

လင်းပိုင်သည် ဝေလငါး အငယ်စားမျိုးဖြစ်၍ ယင်းနှင့် အမျိုးနီးစပ်သည်။ လင်းပိုင်သည် ဆီတေဆီအေးမျိုးစဉ်တွင် ဒယ်လီနီဒီး မျိုးရင်း၌ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ဒယ်လဖီးနပ် ဒယ်လဖစ်ဟုခေါ်သည်။ ဝေလငါးကဲ့သို့ပင် ငါးမဟုတ်ဘဲ နို့တိုက်သတ္တဝါဖြစ်သည်။ ပူနွေးသော မြေထဲပင်လယ်နှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် အများအပြားတွေ့ရသည်။ အလျားခြောက်ပေမှ ရှစ်ပေအထိရှည်၍ မေးရိုးနှစ်ဖက်တွင် သွားများရှိသည်။ ခြောက်လက်မခန့် အရှည်ရှိသည့် နှုတ်သီးကဲ့သို့သော နှာတံသည် ဦးခေါင်းရှေ့သို သွယ်၍ဆင်းသွားသည်။ လင်းပိုင်၏ကျောပိုင်းသည် ခပ်မည်းမည်းရှိ၍ အောက်ပိုင်းတွင်ဖြူနေကာ ဘေးနှစ်ဖက်တွင် မွဲပြာရောင်ရှိသည်။ လင်းပိုင်အမသည် တစ်ကြိမ်လျှင် သားတစ်ကောင်သာမွေး၍ သားကလေး မကြီးမခြင်း အထူးဂရုပြုကာ အမြဲစောင့်ရှောက်နေတတ်သည်။ မျိုးစိတ်ပေါင်း အမြောက်အမြားရှိသော်လည်း အားလုံးသည် အစာကို ငမ်းငမ်းတက် စားသောက်တတ်ကြသည်။ အခြားငါးများနှင့် သေးငယ်သည့် ရေသတ္တဝါများကို စားသောက်ကြသည်သာမက ကောင်းစွာမသွားလာနိုင်ကြသော ဇာတ်တူသားလင်းပိုင်အိုများကိုပင် စားသောက်ကြသည်။


လင်းပိုင်များသည် အကောင်ပေါင်းများစွာပါဝင်သည့် အစုအအုပ် ကြီးများဖွဲ့၍ နေတတ်ကြရာ ပင်လယ်ကူးသင်္ဘောအနီး တစ်ဝိုက်တွင် ယင်းတို့ သွားလာခုန်ပျံလျက်ရှိသည်ကို တွေ့နိုင်ပေသည်။ သင်္ဘောဘေး ခပ်လှမ်းလှမ်းမှ လေထဲသို့ ခုန်ပျံတက်လာပြီးလျှင် တစ်ဖန် ရေထဲသို့ ရုတ်ခြည်း ထိုးဆင်းသွားတတ်ကြသည်။ သင်္ဘောစီးခရီးသည်တို့အား ယင်းတို့ ရေကူးကျင်လည်ကြောင်း ပြသသည့်အလား ရေပေါ်တွင် ဆပ်ကပ်ပြသကဲ့သို့ ကိုယ်များကို ကွေးကာကွေးကာ အမျိုးမျိုးခုန်ပျံကူးသန်း၍ သင်္ဘောနှင့် ယှဉ်လျက် မိုင်ပေါင်းများစွာ လိုက်ပါသွားတတ်ကြသည်။ ခရီးသည်တို့လည်း ဤကဲ့သို့ လင်းပိုင်တို့၏ ထူးဆန်းသည့် အပြုအမူများကိုကြည့်ရင်း တစ်နေဝင် တစ်နေထွက် အချိန်ကုန်ကြရလေသည်။ ယင်းသို့ လူတို့နှင့်ရင်းနှီးစွာ ယဉ်ပါးမှုကြောင့် သမုဒ္ဒရာရှိ အခြားအခြားသော ရေသတ္တဝါတို့ထက် လင်းပိုင်ကို လူအများခင်မင်ကြသည်ဟု ပြောကြသည်။ လင်းပိုင်တစ်မျိုးရှိသေးရာ ယင်းအမျိုးသည် သမုဒ္ဒရာတွင်မနေဘဲ ကမ်းနှင့် မနီးမဝေး အရပ်များ၌ ကျက်စားတတ်ကြသည်။ ကမ်းခြေနှင့် ဝေးဝေးမသွားတတ်ကြချေ။


လင်းပိုင်၏ ထူးခြားသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုမှာ ယင်း၏အမြီးသည် အခြားသောငါးများကဲ့သို့ ထောင်ပြားမနေဘဲ အလှဲလိုက် ပြားလျက်ရှိပေသည်။ ရှေးရွက်သင်္ဘောများခေတ်က လင်းပိုင်သားကို သင်္ဘောသားများ အလွန်နှစ်သက်ကြသည်။ ယခုအခါ လင်းပိုင်သားကို မစားကြတော့ချေ။ လင်းပိုင်ဆီသည် အလွန်အဖိုးတန်သော အဆီဖြစ်သည်။ လင်းပိုင်ဦးခေါင်းနှင့် မေးရိုးမှရသော ဆီကိုနာရီနှင့် တိကျသောကိရိယာများ ဆီထည့်ရာတွင် အသုံးပြုကြသည်။[]


ဆက်စပ်လေ့လာရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy