Content-Length: 142631 | pFad | https://my.wikipedia.org/wiki/%E1%80%90%E1%80%86%E1%80%B1%E1%80%B8

တဆေး - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

တဆေး

ဝီကီပီးဒီးယား မှ

တဆေး
Yeast of the species Saccharomyces cerevisiae
Cross-sectional 2D diagram of a yeast cell
Cross-sectional labelled diagram of a typical yeast cell
မျိုးရိုးခွဲခြားခြင်း
ဒိုမိန်း:
လောက:
မျိုးပေါင်းစုများ နှင့် မျိုးပေါင်းစုငယ်များ

တဆေးသည် မှန်ဘီလူးနှင့် ကြည့်မှသာ မြင်နိုင်သည့် မှိုမျိုးဝင် အပင်အစုအဝေးဖြစ်သည်။ ထိုအပင်ကလေးတိုင်းသည် ရိုးရိုးတစ်ခုတည်းသော ဆဲလ်သာ ဖြစ်သည်။ ထိုဆဲလ်မှ အဖူးထွက်ခြင်းဖြင့် ဆဲသစ်များဖြစ်လာသည်။ ထိုသို့ အသစ်ဖြစ်လာသည့် ဆဲများသည် အများအားဖြင့် တစ်ခုနှင့်တစ်ခု ဆက်လျက်ရှိကြသည်။ တဆေးပင် အမျိုးမျိုးရှိရာ၌ ပေါင်မုံ့ဖုတ်သမားများနှင့် အရက်ချက်သမားများ အသုံးပြုသည့် တဆေးပင်များသည် လူသိအများဆုံးဖြစ်သည်။

အခြားကြည့်ရန်။ ကဇော်ပေါက်ခြင်း

ထိုသေးငယ်သည့် တဆေးပင်များသည် ကော်မှုန့်နှင့် သကြားပျော်ဝင်ရည်ကို ကဇော်ပေါက်စေနိုင်ခြင်းကြောင့် အလွန်အသုံးဝင်သော ပစ္စည်းဖြစ်သည်။ ကဇော်ပေါက်ရာ၌ ဖြစ်ပေါ်သည့် အဓိကပစ္စည်းများမှာ အယ်လကိုဟော(အရက်)နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တို့ဖြစ်သည်။ ပေါင်မုံ့လုပ်ရာ၌ တဆေးကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် နယ်ထားသော မုံ့ညက်စိမ်းကို ပွထစေသည်။

ကဇော်သည် ဆန်ကိုပေါင်း၍သော်လည်းကောင်း၊ ထန်းလျက်၊ တင်လဲခဲ၊ သကာတုံးကို အရည်ဖျော်၍သော်လည်းကောင်း တဆေးနှင့် ရောစပ် ကဇော်ဖေါက်၍ရသော အရည်ဖြစ်သည်။ ယင်းကို စိမ်ရည်ဟုလည်းခေါ်သည်။ ဦးရေ လုပ်ရာတွင် ကောက်ညှင်းဆန်ကိုပေါင်း၍ တဆေးအမှုန့် တော်ရုံနှင့် ရောစပ်ပေးရသည်။ ကဇော်ပေါက်သောအခါ ရေအနည်းငယ်ရောစပ်၍ စစ်ယူလျှင် ဦးရေရသည်။ ယင်းကို လှော်ဇာရည်ဟုလည်းခေါ်၏။ စစ်ယူ၍ ကျန်ရှိသော အဖတ်ကို ကဇော်ဖတ်ဟုခေါ်၏။

အရက်ချက်ရာတွင် 'ဝေါ့'ခေါ် မုယောပင်ပေါက်ရည်ကို တဆေးနှင့် ကဇော်ဖေါက်ယူရသည်။ 'ဝေါ့' ၃၆ ဂါလန်ဝင် တစ်စည်လျှင် တဆေးတစ်ပေါင်ခန့် ထည့်ရသည်။ တဆေးသည် ကဇော်ဖေါက်သည့် အိုးအတွင်း၌ တိုးပွားလာရာတွင် နံ့သာရောင်ပေါက်နေသည့် အမြှုတ်များသည် အရက်၏မျက်နှာ ပြင်အထက်၌ လေးပေမြင့်သည်အထိ တက်လာသည်။ ထိုအမြှုတ်များ အနည်ထိုင်သောအခါ ပိုသည့် တဆေးကို နောင်အသုံးပြုရန်အတွက်ဖြစ်စေ၊ ရောင်းစားရန်အတွက်ဖြစ်စေ ခပ်၍ အအေးခံထားရသည်။ တဆေးသည် အပူကို ဖြစ်စေသဖြင့် 'ဝေါ့'ကို အေးအောင်လုပ်ပေးရသည်။ တဆေးကြောင့် ဓာတ်ပြောင်းလဲမှုများဖြစ်ရခြင်းမှာ တဆေးမှ ယိုထွက်လာသည့် 'အင်ဗာတေ့' နှင့် 'ဇိုင်းမေ့'ပစ္စည်းများကြောင့်ဖြစ်သည်။

တဆေးသည် 'အက်စကိုမီစီတီး'ခေါ် မှိုမျိုးစုတွင် ပါဝင်၏။ အခြေအနေသာကောင်းလျှင် ထိုမှိုမျိုးသည် အလွန်ကြီးထွားလွယ်သည်။ ကြီးထွားရန် အခြေအနေမကောင်းလျှင် ထိုမှိုမျိုး၏ ဆဲလ် အတွင်း၌ မျိုးမှုန်များဖြစ်လာပြီးလျှင် ဆဲလ် သည် ရှုံ့သွားသည်။ ထိုအခါ ဆဲ၏အခွံသည်လည်း ပျက်စီးသွားလေသည်။ ဆဲ၏ အခွံပျက်စီးသည်နှင့် မျိုးမှုန်များကို လေက သယ်ဆောင်သွားသည်။ ပိုးကောင်နှင့် အခြားတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တွင် ထိုမျိုးမှုန်များကပ်၍ လိုက်ပါသွားခြင်းကြောင့် မျိုးမှုန် ပျံနှံ့သွားနိုင်သည်။ သကြား သို့မဟုတ် ကော်မှုန့်ပါသည့် ပစ္စည်းတစ်ခုခုသည် စိုလျက် လေထဲတွင် လွတ်လပ်စွာရှိလျှင် တဆေးမျိုးမှုန်များ ကျရောက်လာလျှင် သကြားသည် ကဇော်ပေါက်လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၀)။ "တဆေး"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်။ pp. ၄၀၀၊ ၄၀၁။








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%90%E1%80%86%E1%80%B1%E1%80%B8

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy